GUIDE Insurance Services Logo

အာမခံဝယ်ယူခြင်း အနုပညာ


အာမခံကို ဘယ်မှာ ဘယ်လို ဝယ်ယူရမလဲဆိုတာ မိတ်ဆွေသူငယ်ချင်းတချို့က မေးလေ့ရှိပါတယ်။

အာမခံဝယ်ယူခြင်းသည် လွန်စွာ ရိုးရှင်းပါတယ်။ တချို့လူတွေက အာမခံကုမ္ပဏီကို ကိုယ်တိုင်သွားပြီး အာမခံဝယ်ယူကြတယ်။ အာမခံကုမ္ပဏီကို ကိုယ်တိုင်သွားဝယ်တဲ့အခါ အာမခံကုမ္ပဏီမှဝန်ထမ်းက အာမခံကို ရောင်းပေလိမ့်မည်။ အာမခံထားသူ သိထားသင့်တဲ့ အချက်အလက်များကို အသေးစိတ် ရှင်းပြကောင်း ‌ရှင်းပြပေလိမ့်မည်။

တချို့တွေကတော့ အသိမိတ်ဆွေများကနေတစ်ဆင့် အာမခံကိုယ်စားလှယ်နှင့်ချိန်ဆက်ပြီး အာမခံကို ဝယ်ယူကြပါတယ်။ အာမခံကိုယ်စားလှယ်များတွင် အာမခံအကြောင်း အသေးစိတ်နားလည်သူများရှိသလို သိပ်နားမလည်သူများလည်း ရှိကြပေသည်။ ဆိုလိုချင်တာကတော့ ရိုးရှင်းပါတယ်။ အာမခံဝယ်ယူသူအတွက် အာမခံရောင်းချပေးမယ့် ကုမ္ပဏီဝန်ထမ်းများ၊ အာမခံကိုယ်စားလှယ်များ အဆင်သင့်ရှိပါတယ်။

အဓိကအရေးကြီးဆုံးအချက်ကတော့ လျော်ကြေးငွေတောင်းခံမှုကိစ္စရပ်ပေါ်ပေါက်လာတဲ့အခါ ကျွမ်းကျင်သော အာမခံကိုယ်စားလှယ်သည် မိမိကိုယ်စား သိမ်မွေ့စွာ ‌ကူညီဖြေရှင်းပေးသွားနိုင်မည်ဖြစ်ပါတယ်။ အာမခံဝယ်ရာ၌ ကုမ္ပဏီတွင် တိုက်ရိုက်ဝယ်ယူသူရော အာမခံကိုယ်စားလှယ်ကတစ်ဆင့် ဝယ်ယူသူရော ကျသင့်သည့် အာမခံပရီမီယံကြေးမှာ အတူတူပင်ဖြစ်ပါတယ်။ ကွာခြားချက်မှာ လျော်ကြေးငွေကိစ္စရပ် ပေါ်ပေါက်ခဲ့ရင် ကျွမ်းကျင်သော၊ မိမိဘက်မှ ရပ်တည်နိုင်သော အာမခံကိုယ်စားလှယ်သည် အရေးကြီးသောကဏ္ဍတွင် ပါဝင်သည်ကို သိရှိပေလိမ့်မည်။

မြန်မာ့အာမခံစီးပွားရေးလုပ်ငန်းများတွင် အာမခံကိုယ်စားလှယ်များထားရှိခြင်းစနစ်အား ပြန်လည်ဖော်ထုတ်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ အာမခံစီးပွားရေးလုပ်ငန်းနှင့် မြန်မာပြည်သူများအကြား ပေါင်းကူးတံတားခင်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။

GUIDE Insurance Services

ဝီလျှံအောင်၏ အသက်အာမခံအကြောင်းသိကောင်းစရာစာအုပ်မှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါသည်။