GUIDE Insurance Services Logo

အရေးကြီး ထူးခြားချက် – အာမခံနှင့် အလောင်းကစား

အာမခံနှင့် လောင်းကစားသည် အန္တရာယ်နှင့် ဖြစ်နိုင်ခြေရှိသော ငွေကြေးဆိုင်ရာရလဒ်တွေ ပါ၀င်နေတာကြောင့် အပေါ်ယံပဲကြည့်မယ်ဆိုရင် ဆင်တူသယောင်ရှိပါတယ်။ သို့သော် အာမခံနဲ့ လောင်းကစား ဒီနှစ်ခုရဲ့ အခြေခံကွဲလွဲချက်တွေကို နားလည်ထားဖို့ အရေးကြီးပါတယ်။ အာမခံဆိုတာက ကိုယ့်အတွက် မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကနေ အကာအကွယ်ပေးသလို ကိုယ့်အပေါ်ကျရောက်လာနိုင်တဲ့ အန္တရာယ်(Risk)ကို စီမံခန့်ခွဲ(Management)လုပ်ပေးပေမယ့် လောင်းကစားဆိုတာကတော့ အခွင့်အလမ်းနှင့် မှန်းဆချက်တွေအပေါ်မှာပဲ အခြေခံပါတယ်။ အခုဆောင်းပါးက ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ လူအတော်အများကြားမှာ လွဲမှားစွာ သိနေကြ၊ ပြောနေကြတဲ့ အာမခံနဲ့ လောင်းကစား အကြား ကွဲပြားမှုများကို သိရှိနိုင်စေရန်အတွက်ဖြစ်ပြီး အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားနိုင်စေဖို့အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ပြောချင်တာက အာမခံရဲ့ အဓိကရည်ရွယ်ချက်ပါ။ အာမခံစနစ်ဟာ မိမိနဲ့ မိမိရဲ့မိသားစု ဒါမှမဟုတ် မိမိပိုင်ဆိုင်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး ကြုံတွေ့လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ မိမိနဲ့ မိမိရဲ့မိသားစုအတွက်ဆိုရင် ဥပမာအားဖြင့် မတော်တဆမှုထိခိုက်မှုတွေ ဖျားနာမှုတွေ စတာတွေကြောင့်
ကုန်ကျမည့် ဆေးကုသစရိတ်တွေကို ပြန်လည်ရရှိနိုင်သလို မိမိပိုင်ဆိုင်တဲ့လုပ်ငန်းအတွက် သဘာဝဘေးအန္တရာယ်ကဲ့သို့သော လေပြင်းမုန်တိုင်းကြောင့် ပျက်စီးခြင်း၊ မီးအန္တရာယ် စတဲ့ ကြိုမမြင်နိုင်တဲ့ အဖြစ်အပျက်များကြောင့် ငွေကြေးဆုံးရှုံးခြင်းကို ကာကွယ်ထားနိုင်တဲ့ စနစ်ကောင်းတစ်ခုဖြစ်ပါတယ်။ အာမခံသည် မူဝါဒကိုင်ဆောင်သူ တစ်နည်းအားဖြင့်ပြောရရင် ပရီမီယံကြေးပေးသွင်းပြီး အာမခံဝယ်ယူထားသူများကို စုစည်းပေးထားခြင်းဖြစ်ပြီး တစ်ဦးတစ်‌ယောက် သို့မဟုတ် လူတစ်စုအပေါ်မှာကျရောက်နိုင်တဲ့ အန္တရာယ်(Risk)ကို လူအများဆီသို့ပျံ့နှံ့စေကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်တဲ့အခါ အာမခံ၏အကျိုးခံစားခွင့်ကို စည်းမျဥ်းနှင့်အညီ ငွေကြေးပြန်လည်ရရှိမည့် ကတိကဝတ်ကို ပေးအပ်ခြင်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင် လောင်းကစားသည် မသေချာမရေရာမှုများပါဝင်နေသလို အခွင့်အလမ်း ဒါမှမဟုတ် ကံကောင်းခြင်းအပေါ်မူတည်ပြီး အခွင့်သာသောရလဒ်တစ်ခုကို
မျှော်ကိုးရခြင်းဖြစ်ပါတယ်။ အလောင်းကစားသည် ပုံမှန်အားဖြင့် စိတ်ဆန္ဒအရ ငွေ သို့မဟုတ် အခြားဆုလာဘ်တစ်ခုခုကို ရလိုမှုနဲ့ လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။
အန္တရာယ်(Risk)ကို အကဲဖြတ်နိုင်ပြီး စီမံခန့်ခွဲ(Management)နိုင်သည့် အာမခံနဲ့ မတူဘဲ လောင်းကစားရလဒ်မှာ များသောအားဖြင့် ခန့်မှန်းရခက်ပြီး ကျပန်းအချက်များဖြင့်သာ အဆုံးသတ်လေ့ရှိပါတယ်။

အာမခံသည် အာမခံစာချုပ်(Terms & Conditions)တွင်ဖော်ပြထားသော သီးခြားအန္တရာယ်များကို အကာအကွယ်ပေးခြင်းဖြင့် စိတ်အေးလုံခြုံမှုကို ပေးဆောင်ပါတယ်။ အာမခံကုမ္ပဏီသည် အာမခံထားသူ ဆုံးရှုံးနစ်နာမှုရှိပါက သဘောတူညီချက်ပါ စည်းကမ်းချက်များနှင့်အညီ လျော်ကြေးပေးမည်ဖြစ်ကြောင်း မူဝါဒကိုင်ဆောင်သူ(အာမခံဝယ်ယူထားသူ)များကို အာမခံပါတယ်။ ဒီလို ကြိုတင်ခန့်မှန်းနိုင်မှုနဲ့ မိမိအခက်အခဲဖြစ်နေတဲ့အချိန်မှာ ငွေကြေးပံ့ပိုးမှု(ငွေကြေးအထောက်အပံ့)ရမည်ဟူသည့် အာမခံချက်သည် လူတစ်ဦး၏သုခချမ်းသာနှင့် ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန်အတွက် အရေးကြီးသောကိရိယာတစ်ခုဖြစ်စေပါတယ်။

လောင်းကစားခြင်းမှာ လူတစ်ဦးချင်းစီသည် ၎င်းတို့၏ငွေများ သို့မဟုတ် ပိုင်ဆိုင်မှုများအတွက် ဆုံးရှုံးနိုင်ခြေကို တမင်တကာလက်ခံသည့် ကြိုတွေးထားတဲ့ စွန့်စားမှုတွေပါဝင်နေပါတယ်။ လောင်းကစားလုပ်ခြင်းရဲ့ ရလဒ်မှာ အနိုင်ရမယ် ဒါမှမဟုတ် ပြန်လည်ရရှိမယ်ဆိုတဲ့ အာမခံချက်မရှိပါ။

အာမခံသည် အရင်းအမြစ်များကိုပေါင်းစည်းပြီး လူဦးရေအများအပြားတွင် အန္တရာယ်ကိုပြန်လည်ခွဲဝေပေးခြင်းဖြင့် ပိုမိုကျယ်ပြန့်သော လူမှုရေးရည်ရွယ်ချက်ကို ဆောင်ရွက်ပေးပါတယ်။ မမျှော်လင့်ထားသော ဆုံးရှုံးမှုများ၏ ငွေကြေးခက်ခဲမှုဝန်ထုပ်ဝန်ပိုးကို ဖြန့်ကျက်ခြင်းဖြင့် လူတစ်ဦးချင်းစီသည် နစ်နာဆုံးရှုံးမှုများအတွက် ငွေကြေးအခက်အခဲများ မကြုံတွေ့ရဘဲ မိမိရဲ့ဆုံးရှုံးမှုများကို ပြန်လည်ရရှိစေပါတယ်။ ဒီလို ငွေကြေးဆုံးရှုံးမှုကို ကာကွယ်ထားခြင်းက လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီး စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးကာ လူတစ်ဦးချင်း၊ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဘေးကင်းလုံခြုံမှုကို ရရှိစေပါတယ်။
သို့သော် လောင်းကစားသည် လူတစ်ဦးချင်းက မိမိရမယ့်အမြတ်အစွန်းအပေါ်ကိုသာ အာရုံရစေပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်အတွက် ဘယ်လိုလူမှုရေးအကျိုးကျေးဇူးကိုမှ မရရှိစေပါဘူး။ အချို့သောလူများသည် လောင်းကစားမှတစ်ဆင့် ယာယီအမြတ်အစွန်းများကို တွေ့ကြုံခံစားနိုင်သော်လည်း လောင်းကစားအလေ့အထကို မထိန်းချုပ်နိုင်သူများအတွက် စွဲလမ်းမှု၊ ငွေကြေးအခက်အခဲနှင့် လူမှုရေးဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

အာမခံနှင့် လောင်းကစားသည် အချို့သောလက္ခဏာများ တူညီသော်လည်း ၎င်းတို့သည် ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုတွင် အခြေခံအားဖြင့် ကွဲပြားပါသည်။ အာမခံသည် လူတစ်ဦးချင်း၊ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အကာအကွယ်၊ တည်ငြိမ်မှုနှင့် စိတ်ငြိမ်သက်မှုကို ပေးဆောင်သည့် အန္တရာယ်ကို စီမံခန့်ခွဲရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်သည်။ အာမခံ၏စစ်မှန်သောသဘောသဘာဝနှင့် ၎င်း၏အကျိုးခံစားခွင့်များအကြောင်း နားမလည်သေးသူများကို အသိပညာဖြန့်ဝေခြင်းဖြင့် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကို အာမခံစနစ်ဖြင့် အကာအကွယ်များရယူကာ အလုပ်အကိုင်များအောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းပြုအပ်ပါသည်။

GUIDE Insurance Services