GUIDE Insurance Services Logo

အာမခံ၏ သဘောသဘာဝ​



ယခုဖော်ပြလိုသော အကြောင်းအရာသည် အာမခံ၏အခြေခံသဘောတရားအကြောင်းဖြစ်သည်။ ဤအကြောင်းအရာကို ဖတ်ရှုပြီးနောက် အာမခံသည် မမျှော်လင့်ထားသော အဖြစ်အပျက်များကို မည်သို့အကာအကွယ်ပေးသည်ကို သိရပေလိမ့်မည်။


ဘာကြောင့် အာမခံကို လိုအပ်သလဲ?​

အာမခံ၏သဘောတရားကို နားလည်ရန်အတွက် သင်သည် ဘာကြောင့် အာမခံလိုအပ်သည်ဆိုတာကို  ပထမဦးစွာသိရှိနားလည်ဖို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့နားလည်နိုင်ရန်အတွက် အောက်တွင် ဥပမာ(၃)ခုဖြင့် ဖော်ပြပေးထားပါသည်။


ဥပမာ (၁)

သင့်တွင် ကားတစ်စီးပိုင်ဆိုင်သည်ဆိုကြပါစို့။ သင်ပိုင်ဆိုင်သော ကားနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်တချို့ကို စဥ်းစားကြည့်ပါ။ များသေအားဖြင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များမှာ

မျှော်လင့်မထားသော ဖြစ်ရပ်တစ်ခုခု‌ကြောင့် ကားပျက်စီးခြင်း
ယာဥ်မတော်တဆဖြစ်ခြင်းနှင့် ‌ယာဥ်မောင်းထိခိုက်မိခြင်း
ကားတစ်စီးလုံးခိုးယူခံရခြင်း (သို့) အစိတ်အပိုင်းများခိုးယူခံရခြင်း
လမ်းပေါ်မောင်းနှင်နေရာမှ ရှေ့ယာဥ်အားကျော်တက်စဥ် ယာဥ်တိုက်မှုဖြစ်ခြင်းကြောင့် သူတစ်ပါးပိုင်ယာဥ်ပျက်စီးမှုအတွက် ပေး‌လျော်ရန်ကိစ္စများ

ဥပမာ (၂)

သင်သည် ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည်ဆိုကြပါစို့။ သင့်အလုပ်နှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတချို့ကို စဥ်းစားကြည့်ပါ။ များသောအားဖြင့် တွေ့ကြုံနိုင်သော အခြေအနေများမှာ

အလုပ်လုပ်နေစဥ်ကာလအတွင်း မျှော်လင့်မထားသောဖြစ်ရပ်ကြောင့်သော်လည်းကောင်း၊ အချိန်မတန်ခင် သေဆုံးခြင်းကြောင့်သော်လည်းကောင်း ဝင်ငွေဆုံးရှုံးခြင်း
အချိန်မတန်ခင်သေဆုံးခြင်းကြောင့် သားသမီးများ၏ ပညာရေးနှောင့်နှေးခြင်း၊ ငွေကြေးများဆပ်ရန် ကျန်ရှိနေခြင်း၊ Home Loan အတွက် ပေးချေရန်ရှိသော တာဝန်များ
နာမကျန်းဖြစ်ခြင်းနှင့် ယာယီအချိန်ကာလအတွက် ဝင်ငွေဆုံးရှုံးခြင်း
မတော်တဆထိခိုက်မှုကြောင့် မသန်စွမ်းဖြစ်ခြင်းနှင့် ဝင်ငွေဆုံးရှုံးခြင်း

ဥပမာ (၃)

သင်သည် စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်သည်ဆိုပါစို့။ သင့်လုပ်ငန်းနှင့်ဆက်စပ်ပြီး ကြုံတွေ့နိုင်သော အန္တရာယ်တချို့ကို စဥ်းစားကြည့်ပါ။ များသောအားဖြင့် တွေ့ကြုံနိုင်သော အန္တရာယ်များမှာ

ရေကြီးခြင်း၊ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း စသည်တို့ကြောင့် သင်၏ အလုပ်ရုံ၊ စက်ရုံ၊ ဂိုဒေါင်များ ပျက်စီးခြင်း
ကုန်ကြမ်းများ (သို့) ကုန်ချောပစ္စည်းများ ပျက်စီးခြင်း
ကုန်ပစ္စည်းများ (သို့) ငွေကြေးများ ခိုးယူခံရခြင်း

အထက်တွင်ဖော်ပြထားသော အန္တရာယ်များကြုံတွေ့ရမည်ကို သင့်အနေဖြင့် စိုးရိမ်ပူပင်မိပါသလား။ အာမခံသည် ထိုဖော်ပြပါအန္တရာယ်များကြောင့်ဖြစ်ပေါ်လာသည့် ငွေကြေးဆုံးရှုံးမှုကို အကာအကွယ်ပေးနိုင်တာကြောင့် သင် အထူးတလည် ကြောက်ရွံ့နေဖို့မလိုပါဘူး။

ဥပမာ (၁)အတွက် မော်တော်ယာဥ်အာမခံထားရှိခြင်းဖြင့် သင့်ကားနှင့်ဆက်စပ်၍ဖြစ်‌ပေါ်လာနိုင်သည့် အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကုန်ကျစရိတ်ကို ပြန်လည်ရရှိစေနိုင်မှာဖြစ်ပါတယ်။

ဥပမာ (၂) အတွက် အသက်အာမခံသည် သင့်ဘဝနှင့်သက်ဆိုင်သည့်အန္တရာယ်များကို အကာအကွယ်ပေးနိုင်ပါတယ်။ ‌ဖျားနာခြင်းနှင့် ဆေးရုံတက်ရောက်ကုသရခြင်းတို့အတွက် ကျန်းမာရေးအာမခံဝယ်ယူထားခြင်းဖြင့် ဆေးကုသမှုကုန်ကျစရိတ်ကို ပြန်လည်ရရှိစေနိုင်ပါတယ်။

ဥပမာ (၃)အတွက် မီးအာမခံ၊ ပိုင်ဆိုင်မှုအာမခံဝယ်ယူထားခြင်းဖြင့် သင့်လုပ်ငန်းနှင့်သက်ဆိုင်သည့် အန္တရာယ်တွေကနေ အကာအကွယ်ပြုလုပ်ထားနိုင်ပါတယ်။

ဒါ‌ကြောင့် သင့်ကိုယ်သင် ကာကွယ်ဖို့၊ သင့်မိသားစုတွေကို ကာကွယ်ဖို့၊ သင်ရဲ့ ပိုင်ဆိုင်မှုများနှင့်ဆက်စပ်နေသော အန္တရာယ်တွေရဲ့ဘေးရန်ကနေ ကာကွယ်ဖို့ အာမခံထားရှိခြင်းဖြင့် စိတ်သောကကင်းဝေးနိုင်မှာဖြစ်ပါတယ်။ သင်၏ပိုင်ဆိုင်မှုများသည် သင့်အတွက် စီးပွားရေးအရင်းအမြစ်များဖြစ်ပေသည်။ ကားပိုင်ဆိုင်ခြင်း (သို့မဟုတ်) ထိန်းချုပ်ရန်၊ တန်ဖိုးထုတ်လုပ်ရန်နှင့် အပြုသဘောဆောင်သော စီးပွားရေးတန်ဖိုးအဖြစ် ထိန်းသိမ်းထားနိုင်သောအရာများ၊ ထင်သာမြင်သာရှိသော (သို့မဟုတ်) ထင်သာမြင်သာမရှိသောအရာမှန်သမျှကို ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ပိုင်ဆိုင်မှုသည် တန်ဖိုးတစ်ခုကို ကိုယ်စားပြပါသည်။ ထိုပိုင်ဆိုင်မှုတန်ဖိုးသည် ငွေသားအဖြစ်သို့ ပြောင်းလဲနိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ငွေသားသည်လည်းပဲ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပေသည်။


အာမခံသဘောတရား

အာမခံလုပ်ငန်းသည် ပိုင်ဆိုင်မှု၏ စီးပွားရေးတန်ဖိုးကို အကာအကွယ်ပေးခြင်းနှင့် ပတ်သက်ပါတယ်။ ပိုင်ဆိုင်မှု၏တန်ဖိုးများသည် ပိုင်ရှင်အား ၄င်းမှ ဝင်ငွေရရှိစေခြင်း (သို့မဟုတ်) သက်တောင့်သက်သာဖြစ်စေခြင်း စတဲ့ အကျိုးခံစားခွင့်တွေကို ရရှိစေခြင်းတို့ကြောင့် ထိုပိုင်ဆိုင်မှုများသည် အဖိုးတန်သည်ဟုပြောခြင်းဖြစ်ပါတယ်။

(၁) ပထမအခြေအနေတွင် ကားတစ်စီးအား ပိုင်ဆိုင်ထားသည်ဆိုပါက ထိုကားအား အခကြေးငွေယူ၍ ငှားရမ်းခြင်းဖြင့် ပိုင်ရှင်က ဝင်ငွေရရှိပါမယ်။ နောက်တစ်နည်းအားဖြင့် ကိုယ်တိုင်သွား‌ရေးလာရေးအတွက် အသုံးပြုခြင်းသည် မည်သည့်အခကြေးငွေမှ မရရှိနိုင်သော်လည်း အသုံးပြုသူအား သက်တောင့်သက်သာရှိစေခြင်း၊ သွားရေးလာရေးလွယ်ကူစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်

(၂) ဒုတိယအခြေအနေတွင် လူ့ဘဝသည် ဝင်ငွေထွက်ငွေပစ္စည်းတစ်ခုဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူ့ဘဝသက်တမ်းတလျှောက်လုံး သင်အလုပ်လုပ်နေသမျှ ဝင်ငွေရရှိနေမှာဖြစ်တာကြောင့် လူ့ဘဝကို ဝင်ငွေထွက်ပစ္စည်းတစ်ခုအဖြစ် တင်စားခေါ်‌ဝေါ်ခြင်းဖြစ်ပါတယ်။

(၃) တတိယအခြေအနေတွင် လုပ်ငန်းပိုင်ရှင်သည် ထုတ်ကုန်များကို ရောင်းချပြီး ဝင်ငွေကို ရရှိနိုင်ပါတယ်။ ဆိုတော့ ထုတ်ကုန်များထုတ်လုပ် သည့် လုပ်ငန်းသည် ဝင်ငွေထွက်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ ထိုလုပ်ငန်းထဲတွင် အဆောက်အအုံ၊ စက်ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများ၊ ကုန်ချောပစ္စည်းများအားလုံး ပါဝင်ပါတယ်။

အထက်ဖော်ပြပါ အခြေအနေ(၃)မျိုးလုံးတွင် ပိုင်ရှင်သည် ပိုင်ဆိုင်မှုများမှရရှိသော အကျိုးအမြတ်များကို ရေရှည်ရရှိရန်အတွက် လိုလားမှာ အသေအချာပါ။ ပိုင်ဆိုင်မှုများအားလုံးတွင် သက်တမ်းဆိုတာရှိပါတယ်။ ထာဝရတည်မြဲဖို့ဆိုတာ ဘုရားရှင်တောင် မတတ်နိုင်တဲ့အရာပဲ မဟုတ်လား။ “ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ”ဆိုသလို ထိုပိုင်ဆိုင်မှုများမှပေးသော အကျိုးခံစားခွင့် အမြတ်အစွန်းများသည် အချိန်အတိုင်းအတာ တစ်ခုအထိသာ တည်မြဲနိုင်မှာပါ။ အထက်ဖော်ပြပါအခြေအနေ(၃)မျိုးထဲက ပိုင်ဆိုင်မှုတစ်ခုဖြစ်သော ကား၏သက်တမ်းသည် ၁၀နှစ် (သို့မဟုတ်) အနှစ် ၂၀ ဟု ဆိုနိုင်ပါတယ်။ လူ့သက်တမ်းသည် သာမန်အငြိမ်းစားယူသည့်အရွယ် အသက်(၆၀)အထိသာ အလုပ်လုပ်နိုင်ကြပါတယ်။ အငြိမ်းစားယူပြီးနောက်၊ အလုပ်မလုပ်နိုင်တော့တဲ့နောက် ပုံမှန်ဝင်ငွေရရှိနိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။ ကားဆိုတာမျိုးက ခိုးယူခံရနိုင်တယ်။ လူဆိုတာက ဖျားနာနိုင်တယ် (သို့မဟုတ်) သေဆုံးနိုင်တယ်။ လုပ်ငန်းဆိုတာက မီးကြောင့် ပျက်စီးနိုင်တယ်။ ဒီလိုအခြေအနေမျိုးတွေ တွေ့ကြုံလာပြီဆိုရင် ပိုင်ရှင်နှင့် အဆိုပါပိုင်ဆိုင်မှုများမှ အကျိုးခံစားခွင့်ရရှိနေသူများသည် ခံစားခွင့်အကျိုးအမြတ်များ ဆုံးရှုံးသွားပေမည်။ တစ်ချိန်တည်းမှာပဲ ထိုဆုံးရှုံးမှုတွေကို ချက်ချင်းအစားထိုးဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ့အပြင် အစားထိုးမှုပြုလုပ်ရာမှာလည်း မျှော်မှန်းမထားတဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေလည်း ခံစားရအုံးမှာပါ။ ဒါဟာ အလွန်ကိုဆိုးရွားလှပါတယ်။ ထိုသို့သောအခြေအနေမျိုးတွေကို အကာအကွယ်ပြုလုပ်ပေးနိုင်ဖို့ အာမခံဆိုတာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

အာမခံကုမ္ပဏီ (များသောအားဖြင့် ခေါ်ဆိုနေကြသည့် အာမခံသူ/အာမခံလက်ခံသူ)သည် ပိုင်ရှင် (အာမခံထားသူ)၏ ဆုံးရှုံးသွားသော ပစ္စည်းများ၏ တန်ဖိုးငွေနှင့်ကိုက်ညီသော ငွေရေးကြေးရေးထောက်ပံ့မှုများကို ပေးအပ်ဖို့ အာမခံသူက ကတိပြုပါလိမ့်မည်။ အာမခံထားသူက ပရီမီယံဟုခေါ်သော အခကြေးငွေကို အာမခံကုမ္ပဏီသို့ ပေးဆောင်ဖို့လိုအပ်ပါတယ်။ အာမခံသည် ဆုံးရှုံးနိုင်မှုများကို ဖြန့်ကျတ်ပြီး ပူးပေါင်းဆောင်ရွက်သည့် အစီအစဥ်ဟုလည်း သတ်မှတ်နိုင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် အာမခံသည် “အနည်းစု၏ ဆုံးရှုံးမှုကို အများသူငှာသို့ မျှဝေခံစားစေခြင်း”ကို ဆိုလိုသည်။

GUIDE Insurance Services