GUIDE Insurance Services Logo

အာမခံဝယ်ယူရမည့်အချိန်



တချို့လူတွေပြောတာ ကြားဖူးကြမှာပါ။ ကျန်းမာတဲ့အချိန်၊ အသက်ငယ်ရွယ်တဲ့အချိန်မှာ ဘာကြောင့် အသက်အာမခံကိုဝယ်ရမှာလဲဆိုတာကိုပေါ့။
ဒီမေးခွန်းကိုသေချာစဥ်းစားကြည့်ကြရအောင်။ စဥ်းစားတယ်ဆိုတဲ့နေရာမှာ ကိုယ့်ဘက်က စဥ်းစားသလို၊ တခြားတစ်ဖက်ကနေလည်း စဥ်းစားပေးဖို့လိုအပ်ပါတယ်။
အာမခံထားသူဘက်ကနေ အရင်စဥ်စားလိုက်ကြရအောင်။
အာမခံထားသူက “ငါ ငယ်သေးတယ်၊ ကျန်းမာရေးကောင်းသေးတယ်။ အသက်အာမခံဝယ်ထားဖို့ မလိုအပ်သေးဘူး” ဒီလိုမျိုးစဥ်းစားကြည့်မယ်။
ဒါဟာ အသက်ကြီးမှ၊ ကျန်းမာရေးမကောင်းမှ အသက်အာမခံဝယ်မယ်၊ ဝယ်သင့်တယ်လို့ စဥ်းစားပုံ၊ ဆုံးဖြတ်ပုံရပါတယ်။

ဒါဆို အာမခံကုမ္ပဏီဘက်က စဥ်းစားမယ်။ အာမခံဝယ်သူက အသက်ကြီးမှ၊ ကျန်းမာရေးမကောင်းမှ အာမခံဝယ်ဖို့ရောက်လာတယ်ဆိုရင်
ဒီအာမခံဝယ်သူအတွက် အာမခံကုမ္ပဏီဘက်က ဆုံးရှုံးနိုင်ခြေပိုများသွားပါပြီ။ ဒါကြောင့် ဒီလိုအာမခံဝယ်သူကို လက်ခံဖို့ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ
ဆုံးဖြတ်ရပါပြီ။ သေချာတာကတော့ လက်မခံဖို့များပါတယ်။

စာရေးသူ Financial Planner လုပ်နေစဥ်က သူငယ်ချင်းတစ်ယောက်ကို အသက်အာမခံဝယ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းဖူးပါတယ်။
သို့သော် သူငယ်ချင်းက အလုပ်ကိစ္စမအားတာနဲ့ပဲ အာမခံဝယ်ယူဖို့ကိစ္စမလုပ်ဖြစ်ခဲ့ဘူး။ တစ်ရက်တော့ အာမခံဝယ်ဖို့အတွက် စနေ့တွေ့ဖို့ချိန်းဆိုခဲ့ပြီး
အဲဒီစနေမတိုင်ခင် ဗုဒ္ဓဟူးနေ့ညမှာပဲ ယာဥ်မတော်တဆမှုဖြစ်ပြီး ဆေးရုံတက်လိုက်ရတယ်။ အသက်အန္တရာယ်တော့မရှိပေမယ့် ကျောရိုးတော့ထိသွားခဲ့တယ်။
ဒါကြောင့်ပဲ အသက်အာမခံဝယ်ယူလို့မရတော့ဘူး။ အာမခံကုမ္ပဏီတွေက အာမခံရောင်းဖို့အတွက် ငြင်းပယ်ခဲ့တယ်။

အာမခံဝယ်တယ်ဆိုတာ ဆန်ပေးလို့ ဆီရတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါ။ ဘယ်အချိန်၊ ဘယ်အခါမှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်တာကြောင့်
ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းသာဖြစ်ပါတယ်။ ကျန်းမာတဲ့အချိန်၊ ငယ်ရွယ်တဲ့အချိန်မှာ အသက်အာမခံဝယ်တယ်ဆိုတာ နောင်အနာဂတ် လိုအပ်တဲ့အချိန်မှာ
အာမခံရဲ့အကာအကွယ်ကို ရယူခံစားနိုင်စေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတစ်မျိုးဖြစ်ပါတယ်။

တိုးတက်တဲ့နိုင်ငံတွေမှာ အာမခံဝယ်၍ ငွေကြေးစီမံခန့်ခွဲမှုတွေလုပ်ကာ ပြင်ဆင်ထားကြပါတယ်။ ချမ်းသာတဲ့လူတွေက မမြင်ရတဲ့အနာဂတ်အတွက်
ကြိုတင်ပြင်ဆင်ထားပြီး ဆင်းရဲတဲ့လူတွေရဲ့အနာဂတ်က မနက်ဖြန်အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်သာ ဖြစ်တည်နေကြပါတယ်။

GUIDE Insurance Services

ဝီလျှံအောင်၏ အသက်အာမခံအကြောင်းသိကောင်းစရာများမှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။